၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၂၆

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲ ဗဟန်းမြို့နယ်အသင်းနှင့် သာကေတမြို့နယ်အသင်းတို့၏ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် ဗိုလ်တထောင်မြို့နယ် အသင်းမှကျောနံပါတ် (၃) အေးသူဇာ၊ အမျိုးသားအကောင်းဆုံးဆုရရှိသည့် ဗဟန်းမြို့နယ်မှ ကျောနံပါတ် (၁၀) စောမြင့်မြတ်လင်း၊ အမျိုးသမီး (၃) ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် တိုက်ကြီးမြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသည့် ကော့မှူးမြို့နယ်အသင်း၊ အမျိုးသား (၃) ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရွှေပြည်သာမြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသည့် ဗိုလ်တထောင်မြို့နယ်အသင်း၊ အမျိုးသမီး (၄) ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကော့မှူးမြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသည့် ကွမ်းခြံကုန်းမြို့နယ်အသင်း၊ အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဗိုလ်တထောင်မြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသည့် သာကေတမြို့နယ်အသင်း၊ အမျိုးသမီး (၃) ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗိုလ်တထောင်မြို့နယ်အသင်း၊ အမျိုးသား (၃) ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗဟန်းမြို့နယ်အသင်းနှင့် အမျိုးသမီး (၄) ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗိုလ်တထောင်မြို့နယ်အသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗဟန်းမြို့နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို (၆၈) သင်း အားကစားသမား (၄၀၈) ဦးဖြင့် ဇွန်လ (၁၈) ရက်နေ့မှ ဇွန်လ (၂၄) ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)