ချမ်းအေးသာစံ ဇွန် ၂၆
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းအခမ်းအနားကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေးခန်းမ၌ ယနေ့ဇွန် ၂၆ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကျင်းပခဲ့ရာ ဆရာခင်မောင်သန်း(ဒဿနပညာ)က “ပျူလူမျိုးတို့၏ သရေခေတ္တရာတိုင်းပြည်”အကြောင်း၊ ဆရာအိုးဝေ(မြေနီကျင်း)က “ယနေ့လူငယ်နှင့် အာဇာနည်စိတ်ဓာတ်” အကြောင်း၊ ဆရာဟာမိုနီက “ဂီတ၊ သုတ၊ ရသ”အကြောင်းတို့အား အသီးသီး ဖတ်ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော စာရေးဆရာကြီး၊ ဆရာမကြီးများက သိလိုသည်များကို ဆွေးနွေးခဲ့ကြကာ မြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဆရာမကြီးဒေါ်နုနုကြည်(အမေ့အိမ်)က ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်း၏ ဥပဒေအကြံပေး ဆရာကြီးရှေ့နေ မောင်မောင်ညိုက မြို့နယ်စာရေးဆရာအသင်းရန်ပုံငွေအတွက် ၁၀၀,၀၀၀ ကျပ်လှူဒါန်းခဲ့ပြီး အတွင်းရေးမှူး ဆရာစိုင်းအောင်မိန်း(မိုတိုင်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)