ကျောက်ပန်းတောင်း ဇွန် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ညောင်းဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာမကျေးရွာ၌ ပျားမွေးမြူရေး ပြည်သူအသိပညာပေး သင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံ ဦးသံဒိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဆီထွက်သီးနှံနှင့် အခြားသီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်၊ ဝတ်မှုန်ကူး ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ပျားများကို စနစ်တကျ မွေးမြူတတ်စေရန်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့် ရည်ရွက်ချက်များဖြင့် ယခုလို သင်တန်းပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ မြို့နယ်တာဝန်ခံက သင်တန်းသို့ တက်ရောက်လာ ကြသည့် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး ပျားဘုရင်မ မွေးမြူခြင်း အဆင့် (၂) ရောဂါကာကွယ်ကုသခြင်းနှင့် ပျားမွေးမြူရေး နည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြကြောင်းနှင့် သင်တန်းကို ဇွန်လ ၂၅ ရက်နေ့မှ ဇွန်လ ၂၈ ရက်နေ့ထိ လေးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)