ပျော်ဘွယ် ဇွန် ၂၆
ပျော်ဘွယ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများသို့ သွားရောက်၍ ကျေးလက်နေပြည်သူများ ထင်းအစားထိုးအခြားလောင်စာ တိုးမြှင့်သုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၅ ရက်၊ နံနက် ၁၀ နာရီက ကျောင်းကုန်းကျေးရွာတွင်လည်း ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်ဦးစီးမှူး ဦးရဲဖြိုးကျော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လှုမှုစီးပွားတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန် သစ်တောစိုက်ခင်းများတည်ထောင်နိုင်ရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ရေး၊ ထင်းလောင်စာအစား စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ၊ လောင်စာတောင့်များအား အသုံးချ နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
စွမ်းအားမြှင့်မီးဖိုများသည် မိရိုးဖလာသုံးစွဲခဲ့ကြသည့် ဖိုခနောက်မီးဖိုများထက် လောင်စာသုံးစွဲရာတွင် ၄၀ ရာခိုင်နှုန်းခန့်သက်သာကြောင်း၊ သို့မှသာ သစ်တောပြုန်းတီးမှုကိုလျော့ကျစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလာနိုင်မည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)