ကမာရွတ် ဇွန် ၂၆
ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၆)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ပြည်သူ့စကားဝိုင်း(Public Talk)တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးရန်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စိမ်းလဲ့က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီမွန်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်ကျော်မြင့်လိူင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးအောင်၊ မြို့နယ် မြို့မရဲစခန်းမှ ရဲအုပ်မောင်အေး၊ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာလင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့တို့က မူးယစ်ဆေးဝါးအမျိုးအစားများ၊ အိမ်နှင့်ပတ်၀န်းကျင်အား ကြိုတင်ကာကွယ်မှုများ၊ မူးယစ်ဆေးဝါး ကျဆင်းရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေမှုများ၊ မူးယစ်အန္တရာယ် သတိပြုစရာ အကြောင်းအရာ ရှောင်ရှားနိုင်သည့် နည်းလမ်းကောင်းများ၊ ဥပဒေဆိုင်ရာ ပြစ်မှု၊ပြစ်ဒဏ်များ မိန်းကလေးငယ် လူငယ်များနှင့် ကလေးသူငယ်တွေအပါ် ကာကွယ်ရန်နှင့် ပြည်သူလူထုမှ ပူးပါင်းပါ၀င် ဆောင်ရွက်ရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)