ချမ်းမြသာစည် ဇွန် ၂၆
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၉) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန်လ ၂၆ ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် လေယာဥ်ကွင်းဟောင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဋ္ဌေး၊ တိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စွာထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ်မျိုးမင်းထိုက်၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယဒုတိယကောင်စစ်ဝန်ချုပ် Mr. Uma Kant Sharma (Consul) နှင့် သံရုံးဝန်ထမ်းများ၊ တက္ကသိုလ်/ကောလိပ်များမှ ပါမောက္ခချုပ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရေးပါတီများ၊ စစ်မှုထမ်းဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၁၀၀ ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး (၃၉) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သည့် သဝဏ်လွှာအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စွာထွန်းက ဖတ်ကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ကျော်စိုးဝင်းက ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုများပြသ၍ ဗဟိုအဆင့် စာပေဂီတ ဆုရရှိသူများ၊ တိုင်းဒေသကြီးအတွင်း ပန်းချီ၊ကာတွန်း၊ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိအခြေခံပညာ ကျောင်းသား၊ ကျောင်းသူများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သူများအား တိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)နှင့် ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး အသိပညာပေး ပြခန်းများကို လှည့်လည်ကြည့်ရှု၍ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါး အမျိုးအစား (၈) မျိုး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါး (၁၁) မျိုး၊ ထိန်းချုပ်ဓာတုပစ္စည်း (၆) မျိုး၊ အခြားဆက်စပ်ဓာတုပစ္စည်း (၉) မျိုး၊ စုစုပေါင်း (၄၃) မျိုး၊ တန်ဖိုးမြန်မာငွေ ကျပ်သန်းပေါင်း (၄၁၆၀၆၄.၃၁၁) ဘီလီယံ၊ အမေရိကန်ဒေါ်လာ (၁၁၃.၆၇၈၇) သန်းခန့်အား စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးခဲ့ပြီး မူးယစ်ဆေးဝါးမီးလောင်နေမှုအားကြည့်ရှု၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)