ကျောက်ဆည် ဇွန် ၂၆
ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့်အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများရရှိစေရန်၊ မိမိတို့ရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့်လိုအပ်မှု အကြောင်း အရာများကို ပြည်သူများကြားတွင် ဆွေးနွေးတတ်စေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စကားဝိုင်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သံရွာကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးစိုးထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဇာနည်ထွန်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီဦး၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ညိမ်းထွေး၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးသစ်လွင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းအောင်၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်မျိုးတို့က ဌာနအလိုက် ပြည်သူ့အကျိုးပြုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက သံရွာ(အ.ထ.က)၌ ကျောင်းသား၊ ကျောင်းသူများပြားနေသည့်အတွက် စာသင်ကျောင်းဆောင်သစ်နှင့် ဆရာ၊ဆရာမများအတွက် ဝန်ထမ်း အိမ်ယာဆောက်လုပ်ပေးရေး၊ လမ်း၊ တံတားများ ကောင်းမွန်စွာပြုပြင်ပေးရေး၊ လျှပ်စစ်မီးပြည့်ဝစွာ သုံးစွဲနိုင်ရေး လက်ရှိသုံးစွဲနေသည့် ထရန်စဖော်မာအား ဗို့အားမြှင့်တင်ပေးနိုင်ရေးလုပ်ငန်းများကို တင်ပြဆွေးနွေးရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီး ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)