မိုင်းဆတ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
မိုင်းဆတ်မြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၆) အုပ်စုရှိပြီး လက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၏ သက်တမ်းသည် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရွေးချယ်ခန့်အပ်သွားမည် ဖြစ်သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများအား မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာများဖြင့် အဖွဲ့ခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် တာဝန်ခွဲဝေချထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှသိရသည်။
မြင့်မောင်(ပြန်/ဆက်)