တာမွေမြို့နယ်ရှိ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး လူငယ်စကားဝိုင်းကျင်းပ

တာမွေ ဇွန် ၂၆

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) ကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် “လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာစောက အဖွင့်အမှာစကားပြောကြားခဲ့ပြီး “လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသည့် တာမွေမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူလေးများက လူငယ်ထုအတွင်း နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေးဆိုင်ရာများကို အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား‌ပေးခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ သူ၊ လူငယ်လူရွယ်လေးများအား သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော သက်ဆိုင်ရာတာဝန်ရှိသူများသည် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ သူ၊ လူငယ်လူရွယ်လေးများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့် ဝန်ထမ်းများ၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူလေးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထက်တံခွန် (ပြန်/ဆက်)