နမ့်ဆန် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ အိမ်ထောင်စု ကိုယ်စားလှယ်စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ၊ ရပ်ကျေးစာရေးများတို့က တောင်မကျေးရွာအုပ်စုနှင့် ဘုရားကြီး ကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများတို့က ရပ်ကျေး ဥပဒေများ၊ နည်းဥပဒေများ အသိပညာပေးခြင်း၊ အိမ်ထောင်စု ကိုယ်စားလှယ်စာရင်း ကောက်ယူခြင်း၊ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရန် အိမ်ထောင်စု ကိုယ်စားလှယ်များအား ကြိုတင်ဖိတ်ကြားခြင်း၊ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်မှုလုပ်ငန်းများ လုပ်ကိုင်ပုံ အဆင့်ဆင့်၊ ကြီးကြပ်ရေး ကော်မတီရွေးချယ်ပုံ အဆင့်ဆင့်နှင့် ကြီးကြပ်ရေးရွေးချယ်ရာတွင် သတ်မှတ်ချက်(၉)ချက်နှင့်အညီ ရွေးချယ်ရန်၊ ဒီမိုကရေစီစံနှုန်းများ၊ အများဆန္ဒနှင့်အညီ ရွေးချယ်ရန်၊ ရွေးချယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားနိုင်ရန် ကွင်းဆင်းပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအသိပညာပေးခြင်း၊ အိမ်ထောင်စု ကိုယ်စားလှယ် ရွေးချယ်ခြင်းလုပ်ငန်းကို နမ့်ဆန်မြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)