ဇမ္ဗူသီရိမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲအတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်နိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိ ဇန်နဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲအတွက် ကြီးကြပ်ရေးကော်မတီ (၅) ဦး ရွေးချယ်တာဝန် ပေးအပ်နိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ကော်မတီ (၅) ဦးရွေးချယ်ခြင်း လုပ်ငန်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပေး ရှင်းလင်းခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက ရပ်ကွက်/ ကျေးရွာ အုပ်စုများ၌ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ် လဝကဦးစီးမှူးမှလည်း အိမ်ထောင်စုဇယားများ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် ကျန်းမာရေးဦးစီးမှူးမှ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ ရပ်/ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)