ညောင်ဦး ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွား ဘုရားဖူး၊လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်လေးဆူးအားဖူးမြော်ပြီး အမိုးခုံးမျက်နှာကျက်များတွင် အပြည့်ရေးဆွဲထားသည့်နံရံဆေးရေးပန်းချီများကိုလေ့လာနိုင်ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊တာဝန်ရှိသူများထံကသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မင်းနန်းသူကျေးရွာအနီး လေးမျက်နှာဘုရားသည် အရှေ့ဘက်မုခ်လှည့် ကွမ်းတောင်ပေါက်းဂူဘုရားဖြစ်ပြီး၊ငါးရာ့ငါးဆယ်နှင့် ဗုဒ္ဓဝင်ဇာတ် ကွက် နံရံဆေးရေးပန်းချီများရေးဆွဲထားသည်ကို မင်စာနှင့်တကွလေ့လာတွေ့ရှိနိုင်သည်။ လေးမျက်နှာဘုရားအနီးအနားဝန်းကျင်တွင် ကြီးမားသောအုတ်ကျောင်းကြီးများ၊သိမ်နေ ရာဟောင်း၊ ဓမ္မသာလဆောင်၊ အုတ်ဇရပ်၊ လေးထောင့်ကန်နှင့်ကြီးမားသောတံတိုင်းကြီးနှင့် အဆောက်အအုံများစွာကို တွေ့ရှိလေ့လာနိုင်သည်။ ခရစ်နှစ် ၁၂၂၃ ခုနှစ်တွင် အမတ်ကြီး မဟာသေနပတိအနန္တသူရမောင်နှံက တည်ဆောက်လှူဒါန်းခဲ့ကြောင်း ၎င်းတို့ရေးထိုး ထားခဲ့သည့် ကျောက်စာမှတ်တမ်းများအရသိရှိနိုင်သည်။
လေးမျက်နှာဘုရား၏ အရှေ့တောင်ဘက်တွင် မင်းနန်သူရှုခင်းကြည့်တောင်ကုန်း၊မင်းနန် သူလေးထောင့်ကန်၊အနောက်ဘက်တွင် မိဖုရားဖွားစောတည်ထားသည့် စောလဝန်းဘုရား၊ ဆင်ဖြူရှင်အုတ်ကျောင်းတိုက်အစုအဝေး၊မြောက်ဘက်တွင် နရသီဟပတေ့ဘုရား၊ ဘုရားသုံဆူ၊ သမ္ဘူလဘုရားတို့ကိုလည်း တစ်ဆက်တစ်စပ်တည်းဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း