ချင်းရွှေဟော် ဇန်နဝါရီ ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၁၄)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၄)ဦးတို့မှာ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁၀)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ် မှ(၁)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်မှ(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ (၂)ဦး၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ (၁)ဦး၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှ(၅)ဦး၊ ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့နယ်မှ (၁)ဦး၊ ဟိုပန်မြို့နယ်မှ(၁)ဦးနှင့် ကွမ်းလုံမြို့နယ်မှ(၂)ဦးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည် နေရပ်ပြန်ပြည်သူ(၁၄)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံ မြို့နယ်မှ နေရပ်ပြန်ပြည်သူနှစ်ဦးနှင့် “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ဟိုပန်မြို့နယ်မှ နေရပ်ပြန်ပြည်သူ တစ်ဦးတို့အား သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ(၁၁)ဦးတို့အား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ Quarantine Center တွင် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)