ကျောက်ပန်တောင်းမြို့နယ်၌ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးထားရှိသည့် မိုးသီးနှံ နှမ်း ၁၁၅၃၁၉ ဧကနှင့်မြေပဲ ၂၃၄၉၀ ဧက အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေး အထောက်အကူဖြစ်စေရန် အလေးထားစိုက်ပျိုးခဲ့သည့် မိုးသီးနှံ နှမ်းနှင့်မြေပဲ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ အချို့ကျေးရွာများတွင် နှမ်းသီးနှံများ အပွင့်များ ဝေဝေဆာဆာဖြင့် သီးကင်းဝင်စပြုနေကြပြီဖြစ်သည်။

ကျောက်ပန်တောင်းမြို့နယ်၌ ဧပြီလ ၂၈ ရက်နေ့တွင် လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး၊ မိုးရေ ချိန် ၁ ဒသမ ၃၄ လက်မ ရရှိခဲ့သော်လည်း ဒေသတွင်း နေရာပျံ့နှံ့အောင် ရွာသွန်းခြင်းမရှိခဲ့သဖြင့် မိုးရေလုံလောက်သည့် ဒေသများသာ ဦးစွာ စိုက်ပျိုးနိုင်ခဲ့ကြကြောင်း သိရပြီး၊ မေလ ၁၀ ရက်နေ့တွင် မိုးရေချိန် ၁ ဒသမ ၅၄ လက်မနှင့် မေလ ၁၁ ရက်နေ့တွင် မိုးရေချိန် ၀ ဒသမ ၅၅ လက်မ ဆက်လက်ရွာသွန်းခဲ့၍ မြို့နယ်အတွင်း တစ်နယ်လုံးနီးပါး စိုက်ပျိုးရေ ရရှိခဲ့ပြီး၊ အညာဒေသ၏ အဓိက သီးနှံများ ဖြစ်သည့်အပြင် ပြည်တွင်း စားသုံးဆီ ဖူလုံရေးကို အထောက်အကူ ပြုစေမည့် နှမ်း၊ မြေပဲ သီးနှံများနှင့် ပြည်ပဈေးကွက်ဝင် ပဲစင်းငုံ သီးနှံများ စတင်စိုက်ပျိုးနိုင်ခဲ့ကြသည်။ ကျောက်ပန်းတောင်း မြို့နယ်၌  ၂၀၂၆ ခုနှစ် တွင် ဆီထွက်သီးနှံမိုးမြေပဲကို  ၂၃၄၉၀ ဧက စိုက်ပျိုးထားရှိကြောင်း သိရပြီး၊ မြေပဲမျိုးအနေဖြင့် သက်တမ်းသုံးလသာကြာမြင့်သည့် ဒေသအခေါ် ပင်ထောင်မြေပဲ( ဆင်းပဒေသာ-၁၁)ကို အားထားစိုက်ပျိုးကြကြောင်းနှင့် နှမ်းသီးနှံအနေဖြင့် ၁၁၅၃၁၉ ဧက စိုက်ပျိုး ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက မျိုးမှန်၊ မြေမှန်ဖြစ်စေရေးနှင့် မြေဆီ မြေဩဇာ စနစ်တကျ သုံးစွဲရေး အစရှိသော ကောင်းမွန်သည့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းပညာပေးလျက်ရှိသည့်နည်းတူ တောင်သူများကလည်း လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ စိုက်ပျိုးထားရှိသည့် နှမ်းနှင့်မြေပဲ သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြရာ၊ နှုတ်သိမ်းချိန်တွင် ရည်မှန်းပန်းတိုင်အထွက်နှုန်း ရရှိပါက ဒေသတွင်းသာမက ပြည်တွင်းစားသုံးဆီဖူလုံရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)