ပြည်ကြီးတံခွန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ကြီးတံခွန် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊  ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် "၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့" အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို အမှတ် (၃၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံသို့ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်တွင် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စာပေနှင့် အားကစားကို ဖက်တွယ်ကြိုးစားကြရန် တိုက်တွန်းချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အဓိပ္ပာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုးဖြစ်သည့် ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ ICE ၊ ဆေးခြောက် အစရှိသည့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ လူငယ်များ သိရှိလိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်မှ ဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးခဲ့သည့် ကျပ် (၁၀၀၇) ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်း (၆၆) မျိုး၏ စာရင်းဇယားများနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ ကဗျာများနှင့် ကာတွန်းသရုပ်ဖော်ပုံများပါရှိသည့် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/သူများထံ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)