မန္တလေး၊ ဇန်နဝါရီ ၂၂
မဟာမုနိဘုရားကြီးတွင် နှစ်စဉ်အစဉ်အလာမပြတ်ပြုလုပ်သည့် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပြုလုပ်သွားရန်စီစဉ်ထားကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံ ကသိရသည်။
“မဟာမုနိဘုရားကြီးရဲ့ ရွှေမိုက်ထုတ်လုပ်ငန်းကို ဇန်နဝါရီလ နောက်ဆုံးပတ်လောက်မှာ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ ကိုဗစ်ကာလဖြစ်တဲ့အတွက် ယနေ့အချိန်အထိ ပိတ်ထားသော်ငြားလည်း အကြိမ်ရေ အစဉ်အလာမပြတ် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကို မဟာမုနိဘုရားကြီး သြဝါဒဆရာတော်ကြီးများရဲ့ သြဝါဒလမ်းညွှန်မှုနဲ့အညီ ဂေါပကအဖွဲ့မှကြီးမှူးကြီးကြပ်တာ စနစ်တကျစီမံ ဆောင်ရွက်သွားမှာပါ၊ ဦးမောင်ကြီးရဲ့မြေး မိုက်သူကြီး ဦးအောင်မိုးတို့ကနေ တာဝန်ယူပြီး ရွှေမိုက်ထုတ်လုပ်ငန်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မဟာမုနိဘုရားကြီးဂေါပက အဖွဲ့ဝင် ဦးသန်းလွင်က ပြောသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်အား ဖူးမြော်ခြင်းကို ၂၀၂၀ ပြည့်နှစ် မတ်လက စတင်ပြီး ယာယီပိတ်ထားခဲ့သော်လည်းလာမည့် ဇန်နဝါရီလနောက်ဆုံးပတ်မှာ ပြုလုပ်မည့် ရွှေမိုက်ထုတ်ယူခြင်းမှာ အကြိမ်ရေ ၇၁ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
“ရွှေမိုက်ထုတ်လုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်နေတဲ့ ပိဋကတ်တိုက်နောက်ကျောမှာရှိတဲ့ ရွှေမိုက်ထုတ်လုပ်ငန်းအလုပ်ရုံမှာ ဆောင်ရွက်မှာဖြစ်ပါတယ်၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဆက်ကပ် လှူဒါန်းတဲ့ ရွှေဆိုင်းများရဲ့ ရွှေလှောင်စက္ကူတွေ၊ သစ်စေးလုံးတွေ၊ ဖိဂွမ်းတွေ၊ ကောဇောတွေ၊ လက်သုတ်ပုဝါတွေ၊ အောက်အခင်းကောဇောတွေကို စနစ်တကျသိမ်းဆည်းပြီး ဂေါပက အဖွဲ့မှ မိုက်သူကြီးထံအပ်နှံပြီး စနစ်တကျစီမံဆောင်ရွက်သွားမည်ဖြစ်ပါတယ်”ဟု ဆက်လက် ပြောသည်။
ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းမှာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား တစ်နှစ်ပတ်လုံး ရွှေသင်္ကန်း ကပ်လှူရာမှစုဆောင်းရရှိသည့်ရွှေများကို သန့်စင်သည့်ရွှေရရှိသည်အထိ အဆင့်ဆင့် ပြုလုပ်ခြင်းဖြစ်ပြီး၊ ရွှေမိုက်ထုတ်ထားသည့် ရွှေစင်ရွှေသန့်ကိုလည်း ဘုရားဘဏ္ဍာတော်ပိုင်အဖြစ် သိမ်းဆည်းကာ ဘုရားကြီးကျောင်းဆောင်၊ ပြသာဒ်တော် အစသဖြင့် လိုအပ်သည့်နေရာများတွင် ပြန်လည် ကပ်လှူပူဇော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ရွှေမိုက်ထုတ်ယူသောနေရာများအနေဖြင့် ရွှေမိုက်ထုတ်ယူနိုင်သော ပစ္စည်းများဖြစ်သည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းသောနေရာတွင် တစ်နှစ်စာစုဆောင်းရရှိသော ရွှေလှောင်စက္ကူ၊ ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပုဝါ၊ မျက်နှာကြက်တော်လှည်းကျင်းသောနေရာ နှင့် ပလ္လင်တော်အောက်လှည်းကျင်းသည့်နေရာတို့မှ ရရှိသည့် ရွှေမှုန်များ၊ ခြေသုတ်ပုဝါများမှ စနစ် တကျ ရွှေမိုက်ထုတ်ယူခြင်းဖြစ်ကြောင်း၊ ရွှေမိုက်ထုတ်ယူသော လုပ်ငန်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ မှစတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ခုနှစ်တွင် ရွှေပိသာချိန် ခြောက်ပိသာခွဲ၊ ၂၀၁၆ခုနှစ်တွင် ရွှေပိသာချိန် ခုနစ်ပိသာလေးကျပ်သား၊ ၂၀၁၇ခုနှစ်တွင် ရွှေပိသာချိန် ခုနစ်ပိသာခန့်၊ ၂၀၁၈ခုနှစ် တွင် ရွှေပိသာချိန် တစ်ဆယ့်ခြောက်ပိသာကျော်၊ ၂၀၁၉ခုနှစ် ရွှေပိသာချိန် ခုနစ်ပိသာကျော်နှင့် ၂၀၂၀ခုနှစ်တွင် ရွှေပိသာချိန် ခြောက်ပိသာခွဲကျော်ထွက်ရှိခဲ့ကြောင်းသိရသည်။
ချမ်းအေးသာစံ(ပြန်/ဆက်)