မော်လမြိုင် ဇွန် ၂၆
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်) တို့ပူးပေါင်းပြီး ရက် (၁၀၀) စီမံချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကို ဇွန်လ ၂၄ ရက်နေ့က သားဖွားသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ပထမနှစ် ဒုတိယနှစ်နှင့် တတိယနှစ် သင်တန်းသား/ သူများက ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို တက်ရောက်လာသော သင်တန်းသား/ သူများက မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အမှတ်တရလက်ဆောင်ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)