စဉ့်ကိုင် ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောက်ဆည်တက္ကသိုလ်၏ (၂၄) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ်များ၊ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ နည်းပြ၊ သရုပ်ပြများ၊ သုတေသနစာတမ်း တင်သွင်းဖတ်ကြားမည့် စာတမ်းရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး သုတေသနစာတမ်းဖတ်ပွဲကို ကျင်းပရာ ဝိဇ္ဇာဘာသာတွဲတွင် မြန်မာစာ ၄ စောင်၊ အင်္ဂလိပ်စာ ၃ စောင်၊ ပထဝီဝင် ၂ စောင်၊ သမိုင်း ၁ စောင်၊ ဒဿနိကဗေဒ ၂ စောင်၊ ဥပဒေပညာ ၁ စောင်တို့အား လည်းကောင်း၊ သိပ္ပံဘာသာတွဲတွင် ဓာတုဗေဒ ၂ စောင်၊ ရူပဗေဒ ၅ စောင်၊ သင်္ချာ ၂ စောင်၊ သတ္တဗေဒ ၃ စောင်၊ ရုက္ခဗေဒ ၅ စောင်၊ ဘူမိဗေဒ ၁ စောင် စုစုပေါင်း စာတမ်း ၃၁ စောင်ကို တင်သွင်းဖတ်ကြားသွားခဲ့ပြီး ပါမောက္ခချုပ်က ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)