ချမ်းအေးသာစံ ဇွန် ၂၅
ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝစေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
အဆိုပါ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပရာ “ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ”များတွင် အမှတ်(၅) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၄ ဦးဝင်ရောက်ယှဥ်ပြိုင်ကာ ဆုရရှိသူများအား ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ချီးမြှင့်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများအား အသိပညာဗဟုသုတများ ရရှိနိုင်စေရန် သုတရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးခြင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာဟောပြောပွဲများနှင့် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို စဉ်ဆက်မပြက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)