လှိုင် ဇွန် ၂၅
လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မှုခင်းကျဆင်းရေးအသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ပြည်သူ့စကားဝိုင်း (Public Talk) တွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်စိုး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်အုန်းမြင့်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးညိုထွန်းတို့က မှုခင်းအမျိုးအစားများ၊ အိမ်နှင့်ပတ်၀န်းကျင်အား ကြိုတင်ကာကွယ်မှုများ၊ မှုခင်းကျဆင်းရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါး ဆက်စပ်မှုနှင့်ပတ်သက်သည့်မှုခင်းများ မဖြစ်ပွားရန်ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ပြည်သူများပူပေါင်းပါဝင်သင့်ပုံ၊ ဥပဒေဌာန နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ ဥပဒေပုဒ်မများအကြောင်း တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသည့် ရပ်ကွက် နေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယမင်း(ပြန်/ဆက်)