မွန်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် မော်လမြိုင်မြို့၊ မြဆည်းဆာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနရိန္ဒ၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနား တက်ရောက်

မော်လမြိုင်   ဇွန်    ၂၅

မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ မြဆည်းအာ ဘိုးဘွားများ ခိုလှုံရာရိပ်သာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တနရိန္ဒ ၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားနှင့် နဂါးမောက်စေတီတော်မြတ်ကြီး သာသနာ အလုပ်အကျွေးပြု ဆင်တော်မင်္ဂလာ(၅)စင်းမှ စေတီတော်မြတ်ကြီးထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ နဂါးမောက်ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ  ဝန်ကြီးချုပ်(ကိုယ်စား) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်းမိသားစုနှင့် အလှူရှင်တို့က ဆရာတော်၊ သံဃာတော် အရှင်မြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သင်္ကန်းများအားလည်းကောင်း ဆရာတော် ဘဒ္ဒန္တနရိန္ဒ၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအတွက် လှူဖွယ်ဝတ္ထုငွေများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နဂါးမောက်စေတီတော်မြတ်ကြီး သာသနာအလုပ်အကျွေးပြု ဆင်တော်မင်္ဂလာ (၅)စင်းမှရှင်ပြုနားသ အလှူဝတ်လှည့်လည်ခြင်းမှ ရရှိသော ရွှေစင်(၄)ကျပ်သားအား နဂါးမောက်စေတီတော်မြတ်ကြီးထံ ဘုရားဘဏ္ဍာအဖြစ် ပေးအပ်လှူဒါန်းမှု အပေါ် ဝန်ကြီးချုပ်(ကိုယ်စား)လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)