မြောက်ဥက္ကလာပ ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ သစ်ပင်/တိုင်များ ပြိုကျခြင်း၊ ငလျင်လှုပ်ခတ်စဉ်နှင့် လှုပ်ခတ်ပြီးနောက် လိုက်နာရမည့် အချက်များ၊ ကြိုတင်ကာကွယ်ရေးနှင့် ပြင်ဆင်ခြင်းအချက်များ၊ အရေးပေါ်လိုအပ်မည့် ရေသန့်၊ အစာခြောက်၊ ရှေးဦးသူနာပြုပစ္စည်း၊ မီးခြစ်/ဖယောင်းတိုင်၊ လက်နှိပ်ဓာတ်မီးတို့ကို အသင့်ပြင်ထားရန်လိုကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတိပေးချက်များကို အမြဲနားထောင်ရန်ဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်ချိန်တွင် လိုက်နာရမည့်အချက်များ၊ ငလျင်လှုပ်ပါက (မြေကြီးပေါ်တွင်ဝပ်ပြီး ခိုင်ခံ့သောစားပွဲအောက်ဝင်နေရန်နှင့် စားပွဲခြေထောက်ကို တင်းကျပ်စွာကိုင်ထားရန်လိုပါကြောင်း၊ အခက်အခဲဖြစ်ပေါ်ချိန်တွင် မိမိ၏ တည်နေရာနှင့် အခြေအနေကို ရှင်းလင်းစွာပြောကြားတတ်ရန် လေ့ကျင့်ထားသင့်ပါကြောင်းနှင့် ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုသည် အကောင်းဆုံးသော ကာကွယ်ခြင်းဖြစ်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့၀င်များက ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများအားအကြောင်း လက်တွေ့ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)