၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကျပန်းစကားပြောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား အင်းစိန်၌ ကျင်းပ

ရန်ကုန် ဇွန် ၂၅

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို) ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၄)ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကျပန်းစကားပြောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျောက်ဆည်ဓမ္မာရုံခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း နာယကကြီးများနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ဆုရရှိခဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)