စစ်တွေ ဇွန် ၂၅
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) စတင်ကျင်းပကြောင်းနှင့် အထမြောက်ကြောင်းကြေညာပြီး ဒုတိယပုံမှန် အစည်းအဝေး(စတုတ္ထနေ့)သို့ မတက်ရောက်နိုင်သောကိုယ်စားလှယ်များအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ခွင့်ပန်ကြားကာ လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။ ဆက်လက်၍ ပေါက်တောမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဉီးသာထွန်းက ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံတော်မှသတ်မှတ်သည့် စည်းမျည်းများနှင့်အညီ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းသောအဆိုကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တစ်ဦးကဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ဇွန် ၂၆ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။
ခရိုင်ပြန်/ဆက်