ဒဂုံတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုဟောပြောပွဲကျင်းပရခြင်းသည် ကျောင်းသား၊ ကျောင်းသူများအား ဉာဏဗလဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တပ်ဖွဲ့စုမှူးရဲအုပ်ကျော်စွာမြင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ‌ပေး ခေါင်းစဉ်ဖြင့် ‌ဟောပြောရာတွင် ကမ္ဘာပေါ်တွင် နှစ်စဉ်လူကုန်ကူးခံရသူ (၂.၅) သန်းခန့်ရှိကြောင်း၊ ဒုတိယဝင်ငွေ အများဆုံးရရှိသည့် ရာဇဝတ်မှုဖြစ်ကြောင်း၊ လူကုန်ကူးခံရမှုဖြစ်စဉ်များကို လေ့လာရာတွင် အမျိုးအစား (၅) မျိုးတွေ့ရှိရပြီး အများစုမှာအမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းက ဟောပြောပို့ချပေးသော ရဲအုပ်ကျော်စွာမြင့်အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဒဂုံတက္ကသိုလ်ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဘာသာရပ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား‌၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)