၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ ကတိသစ္စာ ခံယူပွဲကို၊ ဇွန် ၂၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းရှိ အလေးပြုကွင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာ/ဆရာမများက အသင်းအလိုက် အလေးပြုကွင်းတွင် နေရာယူပြီးနောက် ကျောင်းကောင်စီ သီချင်းကို သံပြိုင်သီဆိုကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက ကျောင်းကောင်စီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ အခမ်းအနားမှူးက ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းကို ဖတ်ကြားကြေညာ၍ အတည်ပြုသည်။ ယင်းနောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်းနှင့် ကျောင်းသား/ကျောင်းသူအားလုံး ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ကြပြီး၊ ကျောင်း အုပ်ဆရာမကြီးက အသင်းအလိုက် တာဝန်ပေး အထိမ်းအမှတ် အလံများ ပေးအပ်ရာ၊ သက်ဆိုင်ရာ ဆရာ/ဆရာမများက လက်ခံရယူကြသည်။ ယင်းနောက် နိုင်ငံတော် သီချင်းကို သံပြိုင်သီဆို၍ နိုင်ငံတော်အလံအား အလေးပြုကြပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် Grade-5 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၈၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရပြီး၊  ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာ ခံယူပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)