မတ္တရာ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ခြင်းကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အဆိုပါရုံး အစည်းအဝေးခန်းမတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူမှ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရုံးဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သတိပြုရမည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် အရေးပေါ်မီးသတ်ဆေးဘူး အသုံးပြုပြီး မီးငြှိမ်းသတ်ခြင်း နည်းစနစ်ကို ဒု-မီးသတ်ဦးစီးမှူး ဦးသန့်ဇော်ဝင်းမှ လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးစောထွန်းနိုင်နှင့် ဝန်ထမ်းများမှ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ရုံးအတွင်းရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုများကို လိုက်လံစစ်ဆေးပြီး လိုအပ်ချက် များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရာသား