ညောင်ဦး ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ပရိယတ္တိစာပေများ သင်ကြားလျက်ရှိသည့် စာသင်သား၊ရဟန်းဦသာမဏေ၊ သီလရှင် ၆၉၃ ပါးတို့အား ဆွမ်းဆန်၊ ပဲနီပြား၊ မြေပဲဆီလောင်းလှူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့် စာသင်သား၊ ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဇူလိုင် ၂၉ ရက်၊ ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာ) နေ့တွင် ဆွမ်း၊ ပဲနီပြား၊ မြေပဲဆီသန့်များလောင်းလှူနိုင်ရေး လျာထားချက်များနှင့် ၂၀၂၅ ခုနှစ်၊ ဝါဆိုလပြည့်နေ့က လောင်းလှူခဲ့သည့် မှတ်တမ်းများအား ရှင်းလင်းအမှာစကား ပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာကဏ္ဍအလိုက် ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်း ကော်မတီများကအသီးသီး တင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၉ ရက်၊ဒုတိယဝါဆိုလပြည့်နေ့တွင် ရွှေစည်းခုံစေတီတော်ဝန်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီး၌ မဟာဝိသုတာရာမတိုက်သစ်၊ ဇေယျဝတီစာသင်တိုက်၊ အလိုတော်ပြည့်စာသင်တိုက်၊ ကျန်စစ်သားဥမင်စာသင်တိုက်၊ ဣသိပညာဒေဝဂုရုစာသင်တိုက်၊ လောကနန္ဒာစာသင်တိုက်၊ မဟာဝသုတာရုံတိုက်သစ်(စဉ့်ကူ)၊ မြတ်ပါရမီသီလရှင်စာသင်တိုက်၊ သာသနာ့ရောင်ခြည်စာသင်တိုက်မှ စာသင်သား ရဟန်း၊ သာမဏေ၊ သီလရှင် ၆၉၃ ပါးတို့အား ဆွမ်းဆန်စိမ်း၊ ပဲနီပြားနှင့် မြေပဲဆီသန့်များလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း