ပျော်ဘွယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပျော်ဘွယ် ဇွန် ၂

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်း မုန့်ဈေးဆိုင်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၄ ရက် နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ဂွေးဇီး)တွင် ဆောင်ရွက်ခဲ့ကြသည်။

ကျောင်းကျန်းမာရေးစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်နှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးခြင်း၊ သံဓာတ်အားဆေးများတိုက်ကျွေးခြင်း၊ မျက်စိဝေဒနာနှင့်ပတ်သက်၍စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် စနစ်တကျသွားတိုက်နည်းစနစ်များကို ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)