ဒဂုံ ဇန်နဝါရီ ၂၂
ရန်ကုန်အနောက်ပိုင်း ခရိုင် ၊ ဒဂုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးများအား ရွေးချယ် တင်မြှောက်နိုင်ရေး အတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအီနွယ်လိုင်ပူက ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ အသေးစိတ် ရှင်းလင်းခြင်း၊ အဖွဲ့ လိုက်ကွင်းဆင်း အသိပညာ ပေးမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုမှ ရပ်ကွက် (သို့) ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ် ခန့်ထားဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများအား မြို့နယ် ကြီးကြပ် ရေးအဖွဲ့မှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့် ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက် ၅ခုအား အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကွင်းဆင်း ကြီးကြပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ရာထူးသက်တမ်းသည် မတ်လကုန်တွင် ကုန်ဆုံးမည် ဖြစ်ပြီး ရွေးချယ်ခံရသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ ၁ရက်နေ့မှစ၍ တာဝန် ထမ်းဆောင် နိုင်ရေးအတွက် မြို့နယ် ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့အား ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင် (ပြန်/ ဆက်)