ကာမိုင်း၊ မတ် ၂၇
ကိုရိုနာဗိုင်းရပ်စ်(COVID-19) အဆုပ်ရောင်ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ လဝါးပူးပေါင်းစစ်ဆေးရေး လမ်းဆုံဂိတ်၌ ယနေ့နံနက် (၇)နာရီတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာနေရာဖြစ်သည့် ကာမိုင်း-လဝါး ပူးပေါင်းစစ်ဆေးရေးဂိတ်သည် ဖားကန့်-ကာမိုင်း-မြစ်ကြီးနားသွားသည့် လမ်းဆုံပေါ်၌ရှိသောကြောင့် စီးပွားရေးလုပ်ကိုင်ရှာဖွေကြရာတွင် အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ အဓိကလာရောက်ရာ အချက်အချာအကျဆုံးဂိတ်ဖြစ်၍ ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်ပြီး နယ်မြေခံ နည်းဗျူဟာမှူးဗိုလ်မှူးကြီးဇော်မင်းထက်၊ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်၊ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာခင်မောင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ စနစ်တကျလက်ဆေးကြောမှု သရုပ်ပြသပေးခြင်းများနှင့် လက်ဆေးပုံးနှင့်ဆပ်ပြာများထားရှိခြင်း၊ ပြည်သူများ၏ကိုယ်အပူချိန် တိုင်းတာပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာအသိ ပညာပေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရန်ရှောင်ရန်များကို ပြည်သူများအားကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူခဲ့ကြောင်း သိရ သည်။
ဇွဲသူရအောင် (ပြန်/ဆက်)