မင်္ဂလာဒုံ ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် “သပြေညို” ပညာဒါန အကျိုးဆောင်အသင်းမှ ခရိုင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပရဟိတလူမှု ကူညီရေးအသင်း (၆)သင်းတို့ကို အလှူငွေကျပ် စုစုပေါင်း (၁၈)သိန်း ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့က အဆိုပါ သပြေညိုပညာဒါန အကျိုးဆောင်အသင်း အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းလမ်းညွှန်ချက် နှင့် အညီ ကျင်းပခဲ့ သည်။
အလှူငွေပေးအပ်ပွဲတွင် သပြေညိုပညာဒါန အကျိုးဆောင်အသင်းဉက္ကဋ္ဌ ဦးတင်ညွန်က ၂၀၂၁ နှစ်ဦးမှာ လှူဒါန်းရခြင်းအကြောင်း ပြောကြား ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ကို အလှူငွေ(၃) သိန်းကျပ်၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ကို ငွေကျပ်(၃) သိန်းနှင့် ပရဟိတလူမှုကူညီရေးအသင်း (၆)သင်းကို ငွေကျပ်(၁၂)သိန်း စုစုပေါင်းအလှူငွေကျပ် (၁၈)သိန်းကို ပေးအပ်ရာ ခရိုင်ကြက်ခြေနီဉက္ကဋ္ဌ ဦးနေဆန်းက လက်ခံယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လှူဒါန်းပွဲကို သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ပရဟိတ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)