ရေး ဇွန် ၂၅
မွန်ပြည်နယ်၊ ရေးမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဘော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်သည်။
ဟောပြောပွဲတွင် ရေးမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးရွှေနိုင်က အပင်ရှင်သန်ကြီးထွားစေရန် စနစ်တကျသစ်ပင်စိုက်ပျိုးနည်းစနစ်များ၊ သက်ရှိသတ္တဝါတို့၏ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ မျိုးစိတ်များ၊ ဂေဟစနစ်များ မပျက်စီးစေရန် ကာကွယ်ထိန်းသိမ်းရမည့် အချက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအနေဖြင့် ရာသီဥတုပြောင်းလဲလာမှုကြောင့် သစ်တော၊ သစ်ပင်များ၏ ဂေဟစနစ်ပျက်စီးပြုန်းတီးမှု မဖြစ်ပေါ်စေရန် ထိန်းသိမ်းရမည့် အချက်များကို ဟောပြောပေးပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြေစေရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကံ့ကော်၊ စိန်ပန်း၊ မန်ဂျန်ရှား စုစုပေါင်းပျိုးပင် ၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှင်းသန့်ဖြူ