လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်တွင် မြို့နယ်အဆင့် မိခင်နှင့်ကလေး ဆယ်အိမ်စုမှူးသင်တန်းအား ဖွင့်လှစ်သင်ကြားခဲ့သည်။
ဦးစွာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က သင်တန်းကာလ သင်ကြားမှုများကို အလေးထားပြီး လက်တွေ့မြေပြင်လုပ်ငန်းလုပ်ဆောင်ရာတွင် စိတ်ပါဝင်စားမှုနှင့် စနစ်တကျလုပ်ဆောင်ရန်မှာကြားပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမြင့်သူတို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က မိခင်နှင့်ကလေး ဆယ်အိမ်စုမှူးများအား မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာများ၊ ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများနှင့် လူထုအတွင်း ကွင်းဆင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သင်ကြားပို့ချခဲ့ကြပြီး ၎င်းသင်တန်းသည် ရပ်ရွာအခြေပြု မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများ တိုးတက်ပျံ့နှံ့စေရန်နှင့် မိခင်နှင့်ကလေးကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)