သာကေတမြို့နယ်၌ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး (Public Awareness) လှုပ်ရှားမှုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

သာကေတ ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ပြည်သူများစနစ်တကျ အမှိုက်စွန့်ပစ်သည့် အကျင့်ကောင်းများ ရရှိစေရေးနှင့် အစဉ်တစိုက် လိုက်နာဆောင်ရွက်သွား စေရန် ရည်ရွယ်၍အမှိုက်စွန့်ပစ်မှုဆိုင်ရာအသိပညာပေး(Public Awareness) ကမ်ပိန်းကို ဇွန်လ ၂၃ ရက်နေ့၊ နံနက်၈ နာရီက သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ အထူးကုဆေးရုံအနီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းတင်ယုဆွေ၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၇၀ ဦးခန့်တို့က အမှိုက်စွန့်ပစ်မှုဆိုင်ရာ အသိပညာပေး (Public Awareness) ကမ်ပိန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကမ်ပိန်းတွင် တက်ရောက်လာကြသူများက လမ်းသွားလမ်းလာပြည်သူများအား အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်း၊ အသိပညာပေးမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သဲထက်ဇင်(ပြန်/ဆက်)