ဒဂုံဆိပ်ကမ်း ဇွန် ၂၅
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်၊ စာစောင်ပြပွဲကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးဦးမြင့်ခိုင်က မူးယစ်ဆေးဝါးကင်းစင်သော ကမ္ဘာ့လူသားအဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂညီလာခံ၌ ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းရုပ်ပိုင်းနှင့် လူမှုရေးဆိုင်ရာဆိုးကျိုးများနှင့် လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက စာအုပ်/စာစောင်များ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)