မိတ္ထီလာ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဝန်အားပြည့်နေသောထရန်စဖော်မာများအားဝန်အားကူရန်နှင့် ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန် ထရန်စဖော်မာအသစ် ဓာတ်အားလွှတ်ပွဲကို ယမန်နေ့က နန်းတော်ကုန်းရပ်ကွက် သုခထီလာ ဆေးရုံအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်အတွင်း ဝန်အားပြည့်နေသောထရန်စဖော်မာများအား ဝန်အားကူရန်၊ ဓာတ်အားသုံးစွဲသူ အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရန်နှင့် ဗို့အားတည်ငြိမ်စေရန် ရည်ရွယ်၍ ရက်(၁၀၀) စီမံချက်ဖြင့် 11/0.4KV, 200KVA ထရန်စဖော်မာအသစ် တည်ဆောက်ခဲ့ပြီး ဓာတ်အားလွှတ်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြသွင် (ခ) ဦးမြင့်ဆန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကို၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြရာ အဆိုပါ ဓာတ်အားလွှတ်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)