မြို့တော်ခန်းမ၌ “မြန်မာ့ချိတ်ယဥ်အလှဆင် မြင်သူရှုမဝ မန်းသူအလှ” ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဇွန် ၂၅

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ချိတ်ယဥ်အလှဆင် မြင်သူရှုမဝမန်းသူအလှ” ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ပဒေသာ ကပွဲအခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ဇွန် ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အစီအစဥ်အရ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက အင်အားသစ်များနှင့်အတူ တေးသီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချောစုဝင်းက အမျိုးသမီးရေးရာအဖွဲ့၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အမရပူရမြို့နယ်၊ တံတားဦးမြို့နယ်၊ ပြည်ကြီးတံခွန်​​မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များက တေးသီချင်းယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ယဥ်ကျေးမှုလုပ်ငန်းအဖွဲ့ခေါင်းဆောင်ဒေါ်မြတ်နုသွေးက “ရွှေမန္တလေး” သီချင်းဖြင့် လည်းကောင်း၊ မန္တလေးပညာရေးဒီဂရီကောလိပ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များက “မြန်မာ့ချိတ်ယဥ် အလှဆင် မြင်သူရှုမဝ မန်းသူအလှ” ဝတ်စားဆင်ယင်ပြပွဲ တင်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး ဝတ်စားဆင်ယင်မှုနှင့် ပဒေသာကပွဲတွင် ပါဝင်ကြသူများအား ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခြင်းနှင့်  ပံ့ပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)