စဉ့်ကိုင် ဇွန် ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရက် ၁၀၀ စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲနှင့် ပူးပေါင်း ၍ ယမန်နေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာရှိ ပုဂ္ဂလိကပျားမွေးမြူသူတောင်သူ ဦးနေမင်းထွန်းနှင့် မြစ်သားမြို့နယ် မုန္တောကျေးရွာရှိ တောင်သူ ဦးကျော်ငြိမ်းတို့ နှစ်ဦးအား ပျားအုံများ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဂ္ဂလိက ပျားမွေးမြူသူများအနေဖြင့် ဆီထွက်သီးနှံနေကြာစိုက်ခင်များတွင် ဝတ်မှုန်ကူးဆောင်ရွက်နိုင်ရန်၊ တစ်ပိုင်တစ်နိုင် ပျားမွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူစေရန်၊ ပုဂ္ဂလိက ပျားမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ပျားရည်ထုတ်လုပ်ရာတွင် ပိုလျှံသော ပျားရည်များကို ထုတ်ယူရန် ပျားရည်ထုတ်စက်နှင့် လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ပြီး ပျားမွေးမြူသူများ အနေဖြင့် ပျားရည်နှင့် ပျားထွက်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလို ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)