လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေး ဟောပြော

လှိုင်သာယာ(အနောက်) ဇွန်  ၂၅

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လူငယ်အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က (၁၈)ခန်းမ၌ ပြုလုပ်သည်။

ဦးစွာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး စာရေးဆရာ ဆန်မင်းသိုက်(အရာတော်)က "လူငယ်နှင့် စာရိတ္တ" နှင့် စာရေးဆရာမ ပျိုပျို(ယောဂ)က "လူငယ်နှင့်မူးယစ်ဆေး" တို့ကို အသိပညာပေး ဟောပြောကာ ယောဂလေ့ကျင့်ခန်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း နံရံကပ်စာစောင်များ၊ လူငယ်များ၏ သိကောင်းစရာဗဟုသုတစာအုပ်/ စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြကာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ အ.ထ.က(ခွဲ) အ.လ.က(၁၈) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ စာရေးဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)