ပင်းတယ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်မြေခြား(မြောက်) အခြေခံမူလတန်းကျောင်း၌ ဂျပန်နိုင်ငံ နီဗွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့၏ EPD စီမံကိန်းမှ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ် အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါအဆောက်အဦးသစ်အား ရှမ်းပြည်နယ်၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်၊ ပင်းတယမြို့နယ် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဖေနှင့် လက်ထောက် ပညာရေးမှူး ဦးသီဟ၊ နီဗွန်ဖောင်ဒေးရှင်းအဖွဲ့မှ ဒေါ်အေးအေးသန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား နီဗွန်ဖောင်ဒေးရှင်းအဖွဲ့မှ ဒေါ်အေးအေးသန်းက ပေးအပ်ရာ ပြည်နယ်ပညာရေးမှူးမှ လက်ခံရယူပြီး ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအထိမ်းအမှတ် အလံများအား နေရာအရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ နီဗွန်ဖောင်ဒေးရှင်း(စေတနာ) အဖွဲ့၏ EPT စီမံကိန်းဖြင့် ဆောင်ရွက် ဆောက်လုပ်ခဲ့သည့် ပေ(၁၂၀ x ၃၀) အရွယ်အစား တစ်ထပ်ကျောင်းဆောင်တွင် ပေ(၃၀ x ၂၄)စာသင်ခန်း(၄)ခန်း၊ အလံတိုင်(၁)တိုင်၊ (၅)ခန်းတွဲ အိမ်သာတစ်လုံး၊ လက်ဆေး ဘေစင်(၂)ခု၊ ပေ(၅ x ၅ x ၅)ရေလှောင်ကန် (၁)ကန်၊ ဆရာမစာရေးစားပွဲ၊ ကုလားထိုင်(၄)စုံ၊ ကျောင်းသားစာရေးစားပွဲ၊ ထိုင်ခုံ(၆၀)စုံနှင့် White Board (၈)ချပ် ပါရှိပြီး စုစုပေါင်း နီဗွန်ဖောင်ဒေးရှင်းမှ ကူညီပံ့ပိုးငွေ ၆၇၃၄၀၇၃၄/-ကျပ်၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှု တည်ဆောက်ရေးနှင့် လုပ်အားပေးကုန်ကျစရိတ် ၁၁၉၇၈၂၆၀/-ကျပ်နှင့် အပိုကုန်ကျငွေ ၅၆၃၅၀၀/-ကျပ်ရှိပြီး စုစုပေါင်းကုန်ကျစရိတ် ၇၉၈၈၂၄၉၄/-ကျပ်ဖြစ်ကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပင်းတယ)