ရန်ကုန် ဇွန် ၂၄
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင့်ရေးအသင်း (ဗဟို)မှ ကြီးမှူးပြီး ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် ကျပန်းစကားပြောပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကျောက်ဆည်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးစိုးဝင်းရဲချုပ်(ငြိမ်း)နှင့် အသင်းဝင်များ၊ ဖိတ်ကြားထားသူများ၊ ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းသို့ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက လက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များက ကျပန်းစကားပြောပြိုင်ပွဲ (မြန်မာဘာသာ)မှ ဆုရရှိသူများနှင့် ကျပန်းစကားပြောပြိုင်ပွဲ (အင်္ဂလိပ်ဘာသာ)မှ ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးစိုးဝင်းရဲချုပ်(ငြိမ်း)မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် ကျပန်းစကားပြောပြိုင်ပွဲကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ကြီးမှူးပြီး မူးယစ်ဆေးဝါးဆိုးကျိုး သိရှိနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)