မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ချောင်းဆုံမြို့နယ်အတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇွန် ၂၅

မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၃ရက်နေ့ မွန်းလွဲပိုင်းက ချောင်းဆုံမြို့နယ်ရှိ အ.မ.က(ကလွီ)၊ (၆၀x၃၀)ပေ၊ RCC(၁)ထပ်၊ အ.လ.က (ခွဲ)ကလော့၊ (၆၀x၃၀) ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ် ကျောင်းဆောင်အား ဖျက်သိမ်း၍ (၉၀x၃၀)ပေ၊ RCC (၁)ထပ် အသစ်၊ အ.မ.က(ရေတွင်းကုန်း)၊ (၆ox ၃၅) ပေ၊ သွပ်မိုး၊ အုတ်ညှပ် (၁) ထပ် ကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၀၀x၃၀)ပေ RCC(၂)ထပ်(L) ပုံစံ အသစ်၊ အ.မ.က(ကွမ်လမိုင်း)၊ (၆၀x၃၀)ပေ၊ RCC(၁)ထပ် အသစ် ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာ အခြေအနေ၊ ကျောင်းသား/ကျောင်းသူများ စာသင်ခန်း မလုံလောက်မှု အခြေအနေများနှင့် ပတ်သက်၍  လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့က အသစ်ဆောက်လုပ်မည့် အဆောက်အဦးများ အရည်အသွေး ပြည့်မီရေး ကျောင်းဆောင်သစ် ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း ရေရှည်ခိုင်ခံ့မှုရှိအောင် အလေးထား ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိသော အဆောက်အအုံဖြစ်စေရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရန်၊ အချိန်မီပြီးစီးရေး သတ်မှတ်ဘဏ္ဍာနှစ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းခွင်အဆင့်ဆင့်ကို စနစ်တကျ ကျပ်မတ်ဆောင်ရွက်သွားရန် မှာကြားပြီး ကျောင်းဝန်းအတွင်းရှိ သန့်စင်ခန်းများ၊ သောက်သုံးရေရရှိမှု အခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)