မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

မိုင်းဖြတ် ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၁၀၀)နှစ် အထက်၊ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းဝင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက စျေးတန်း ရပ်ကွက်၊ ဟိုနားကျေးရွာ၊ ဝမ်ယန်းမိုင်ကျေးရွာတို့ရှိ အသက်၁၀၀နှစ်အထက် သက်ကြီးဘိုးဘွား ၄ဦးနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို တစ်ဦးလျှင် တစ်လကျပ်တစ်သောင်းနှုန်းဖြင့် သုံးလစာ ကျပ်သုံးသောင်းကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေသည် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်ဖြစ်သည့် (ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ)အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မိုင်းဖြတ်မြို့နယ်အတွင်း အသက်(၁၀၀)နှစ်အထက် ဘိုးဘွား၄ဦး၊ အသက်(၈၅)နှစ်အထက် ဘိုးဘွား၈၄ဦး စုစုပေါင်း၈၈ဦးရှိပြီး ကျန်ရှိသည့်ဘိုးဘွားများကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး များက အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)