ချင်းရွှေဟော် ဇန်နဝါရီ ၂၂
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့သည့် နေရပ်ပြန်ပြည်သူများသည် မြန်မာနိုင်ငံအတွင်းရှိတိုင်း ဒေသကြီး/ပြည်နယ်အသီးသီးမှ ဖြစ်ကြကာ အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၁၇)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၄၅)ဦး ဖြစ်ကြောင်း သိရသည်။
ထိုသို့ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူအားလုံးတွင် ရောဂါပိုး မတွေ့ရှိရကြောင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ အာခေါင်တို့ဖတ်နှင့်နှာခေါင်းတို့ဖတ် ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရယူပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)