တောင်ကြီး ဇွန် ၂၄
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျိုရွယ်သူများမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းဝင်းခိုင်က ပျိုရွယ်သူများမျိုးဆက်ပွားကျန်းမာရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ အမှတ် ၁၁၇၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်မောင်မောင်သက်လွင်က ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့်ပတ်သက်သည့် အကြောင်းအရာ များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။ ယင်းနောက် အသိပညာပေး ဟောပြောပေးသူများကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်က အမှတ်တရလက်ဆောင်များပေးအပ်ပြီး အသိပညာပေးဟောပြောပွဲတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများကို တောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းဝင်းခိုင်နှင့် အမှတ် ၁၁၇၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်မောင်မောင်သက်လွင်တို့က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပျိုရွယ်သူများမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အကြောင်း အသိပညာပေးဟောပြောပွဲတွင် တာဝန်ရှိသူများက ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်နှင့်တာဝန်ရှိသူများသည် အမှတ် (၁၄) ခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းသား/ကျောင်းသူ (၆၁) ဦးအတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)