ကွမ်းလုံ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်းရှိ Quarantine Centre အသီးသီးမှ လူ(၂၈)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို မူဆယ်အမျိုးသားဓာတ်ခွဲဌာနသို့ ယမန်နေ့က ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ပိုးတွေ့ရှိသူ(၂)ဦး အနေဖြင့် ကွမ်းလုံတံတားသစ်တည်ဆောက်ရေးလုပ်ငန်းခွင်မှ အသွားအလာကန့်သတ် ထားသည့် တရုတ်နိုင်ငံသား အမျိုးသား (၁)ဦးနှင့် ကွမ်းလုံပြည်သူ့ ဆေးရုံ Quarantine Centre ၌ ရန်ကုန်မြို့ အင်းယား Centre တွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီး ပြန်လာသည့် သူနာပြုဆရာမ (၁)ဦး ဖြစ်ပြီး ၎င်းတို့(၂)ဦးအား သီးသန့်ခွဲထား ကာ စောင့်ကြည့်ကြပ်မတ်၍ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။
ကွမ်းလုံမြို့နယ်တွင် ပထမဦးဆုံး ရောဂါပိုးတွေ့သူ(၂)ဦးဖြစ်ပြီး ပိုးတွေ့ရှိသော တရုတ်နိုင်ငံသားနှင့် ထိတွေ့ခဲ့ကြသည့် တရုတ် နိုင်ငံသား(၂၂)ဦးနှင့် သူနာပြုဆရာမနှင့် ထိတွေ့ခဲ့သူ (၁၂)ဦးတို့အား သီးခြားခွဲထားပြီး ဇန်နဝါရီ ၂၃ ရက်နေ့တွင် RDT ဖြင့် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)