တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

တာလေ ဇန်နဝါရီ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့အတွင်း      ကိုဗစ်-၁၉ ရောဂါ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှု‌ရေးအသင်းအဖွဲ့တို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က ယမန်နေ့တွင် အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ရောဂါကူးစက်‌ပြန့်ပွားမှုများ မြင့်မားနေသော တိုင်းဒေသကြီး ပြည်နယ်များတွင် နေထိုင်ပြီး တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် နေ့စဉ်ဖြတ်သန်းဝင်ရောက်လာသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် စီးနှင်းလိုက်ပါလာသော ခရီးသည်များမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်လာခြင်းများ မဖြစ်ပေါ်စေရေး ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားထောက်ခံချက်၊ ရောဂါကင်းရှင်းကြောင်း ဆေးထောက်ခံ ချက်များ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းရေးသွင်းခြင်းများအပြင် ကိုယ်အပူချိန်တိုင်းခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် အလေးထားလိုက်နာဆောင်ရွက်ရေးနှင့် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား Mask ကို အခမဲ့ ဝေပေးပြီး စနစ်တကျ တပ်ဆင်သွားလာ‌ရေး အသိပညာပေးခြင်းများကို နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)