နမ့်စန်(တ) ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (၁) မှ အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာဥပဒေ ၊ နည်းဥပဒေ ၊ ပြင်ဆင်ချက်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်၊ ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်အရည်အချင်းများနှင့် တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်နှင့် တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသော အမှတ်(၂)ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အဆိုပြု ရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကို စနစ်တကျ ရွေးချယ်ခဲ့ကြောင်းသိရသည်။
သူရအောင်(ပြန်/ဆက်)