ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ရှမ်းပြည်နယ်ကြီးကြပ်ရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

တောင်ကြီး ဇွန် ၂၃

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ရှမ်းပြည်နယ် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ရှမ်းပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားရာတွင် အဖွဲ့ဝင်များအနေဖြင့် နေ့ကလေးထိန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မူကြိုအရွယ်ကလေးသူငယ်များကို က‌လေးသူငယ်ဖွံ့ဖြိုးရေးစံနှုန်းများနှင့်အညီ ပြုစုပျိုးထောင်သွားရန်အတွက် ဆောင်ရွက်ရန်ရှိသည်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ရှမ်းပြည်နယ်ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အဖွဲ့ဝင် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)